Thursday, January 3, 2008

ကြယ်ကြွေည

ကြယ်ကြွေည
လူတွေက ပြောတယ်
ကြယ်ကြွေရင် ဆုတောင်းလိုက်
မင်းဆုတောင်း ပြည့်လိမ့်မယ်တဲ့

အတိအကျတော့ မသိခဲ့ပါဘူး
တစ်ခါတစ်လေမှာ ရင်ထဲသိပ်တင်းကြပ်လာရင်
မှတ်မှတ်ရရ ကောင်းကင်ကြီးကို မော့ကြည့်မိခဲ့ဖူးတယ်

ကြယ်လေးတွေ စုံလင်နေတဲ့ အချိန်မှာ
ကိုယ့်ရဲ့ မဖြည့်ဆည်းနိုင်တဲ့ ဆုတောင်းကို အသင့်ပြင်ထားရင်း
ဘယ်အချိန်မှာ ကြယ်တစ်ပွင့် ကြွေလွင့်မလဲလို့

မအေးချမ်းတဲ့ စိတ်သန္တာန်နဲ့ ကျွန်တော် စောင့်ဆိုင်းနေခဲ့ဖူးတယ်.
ရင်ဘတ်ထဲမှာတော့ အတ္တတွေ ကဆုန်စိုင်းနေခဲ့တာပေါ့
ကြယ်မကြွေခဲ့ရင်ကိုပဲ ဒေါသက ဖြစ်ခဲ့လိုက်သေးတယ်.

ကြယ်ပေါင်းများစွာ ကြွေခဲ့ကြပါတယ်.
ကျွန်တော်လည်း ဆုပေါင်းများစွာ တောင်းခဲ့ဖူးပါတယ်
ဆုတောင်းတွေ ပြည့်ခဲ့လား မပြည့်ခဲ့ဘူးလား

ဒါတော့ ကျွန်တော်မမှတ်မိတော့ဘူး
အောင်မြင်မှုကိုရတဲ့အခါမှာ
ငါတော်လိုက်တာလို့ ကျွန်တော်လက်မထောင်ခဲ့မိပေမယ့်

ဆုံးရှုံးမှုတွေ ရိုက်ခတ်လာခဲ့တဲ့ အချိန်မှာတော့
ကြယ်ကြွေဆုတောင်းက ဘာလို့ မပြည့်ခဲ့တာလဲလို့
မရှိတော့ပြီဖြစ်တဲ့ ကြယ်လေးကို အပြစ်တင်နေခဲ့မိသေးတယ်.

မဟောင်းနိုင်တဲ့ ဆုတောင်းတွေ အများကြီးထဲမှာ
ရှက်စရာကောင်းလိုက်တဲ့ အချက်က
ကြွေသွားရှာတဲ့ ကြယ်လေးအတွက်
တစ်ခါမှ ဆုမတောင်းပေးခဲ့ဖူးတာပဲ.

ဩော်…
ကျွန်တော်တစ်ယောက် အတ္တတွေနဲ့ လုံးပန်းနေခဲ့လိုက်တာ
ဆုတောင်းတာတောင်မှ အနစ်နာခံကြွေပေးရရှာတဲ့
ကြယ်ပွင့်လေးကို သတိမရခဲ့မိဘူး..
ကျွန်တော်မရှက်သင့်ဘူးလားဟင်…

ဟုတ်တယ်
ကျွန်တော်ရှက်တယ်.
ရှက်တာထက်ပိုသွားတာ တစ်ခုရှိသေးတယ်
ကျွန်တော် စိတ်မကောင်းဘူး..

ကြယ်ဆိုတာ ကောင်းကင်ထက်မှာ တင့်တယ်စွာ နေရာယူထားတာပါ.
သူကြွေသွားရင် ကောင်းကင်ကြီးလည်း အလင်းရောင်တစ်ချို့ ဆုံးရှုံးသွားခဲ့ရတာပဲ.
ဒီကြယ်လေးကို မှီပြီး ဖြစ်ပေါ်နေတဲ့ လောကဓာတ်တစ်ချို့လည်း

နည်းနည်းတော့ ယိုယွင်းသွားကြမှာ အမှန်ပဲ.
ကျွန်တော့်လို အတ္တအခိုးအလျှံတွေ ပြည့်နေတဲ့ လူသားတစ်ယောက်ကတော့
ကြယ်ကြွေတာတောင်မှ အမြတ်ထုတ်ချင်နေသေးတယ်

လူဆိုတာ ပြောင်းလဲတတ်ရမယ်လေ.
ဘ၀ဆိုတာ ကဇာတ်ခုံတစ်ခုလို့ ပြောကြပေမယ့်
ကပြသူတွေကတော့ ကြိုတင်ရေးထားပြီးသား ဇာတ်ညွှန်းကို ကပြနေတာမဟုတ်ဘူး

တစ်ခါတစ်ရံမှာ ဇာတ်ညွှန်းရေးဆရာရဲ့ အလိုကျ ကပြခဲ့ရပေမယ့်
ကိုယ်ရုန်းထွက်နိုင်တဲ့ တစ်နေရာမှာတော့ ကိုယ်ပိုင်ဒိုင်ယာလော့ဂ်တွေနဲ့
ကိုယ့်ဘ၀ကို လွတ်မြောက်ရာ ဆွဲခေါ်သွားနိုင်ဖို့ လိုတယ်…

ပညာရှင်တစ်ယောက်က ပြောခဲ့ဖူးတယ်
လူဆိုတာ နိဂုံးကောင်းရမယ်တဲ့…
ကျွန်တော် နိဒါန်းမလှခဲ့ပါဘူး

ဒါပေမယ့် နိဂုံးတော့ ကောင်းချင်တယ်.
ကျွန်တော့်ရဲ့ သွေးသားထဲက အတ္တတွေကို
ဖြည်းဖြည်းချင်း ဖောက်ထုတ်ပြီး
သန့်စင်ပစ်ချင်တယ်.

အကုန်တော့ မဖောက်ထုတ်နိုင်သေးဘူး
ဘာလို့လဲဆိုတော့
တစ်ချို့အတ္တတွေကို ကျွန်တော်လိုအပ်နေသေးတယ်လေ.

ကြွေသွားတဲ့ ကြယ်လေးတွေကို နှမြောလိုက်တာ
ကျွန်တော် ဒီည ကောင်းကင်ပြာကြီးကို မော့ကြည့်နေမိပြန်ပါတယ်.
မျှော်လင့်ခြင်းတွေနဲ့ စိုးရွံ့ခြင်းတွေကို မျဉ်းပြိုင်တစ်ဖက်ဆီမှာ ထားပြီးတော့ပေါ့

စိုးရွံ့တာက ကြယ်လေးကြွေသွားမှာကိုပဲ
မျှော်လင့်တာကတော့ ကြယ်ကြွေချိန်မှာ ကျွန်တော်ဆုတစ်ခုကို
ပိုင်ပိုင်နိုင်နိုင် တောင်းမိဖို့ပဲ..

အိုးးးးးးးးးးးးး
ကြယ်ဖြူလေးတစ်ပွင့် ဝေ့ခနဲ
ကောင်းကင်ရင်ခွင်ထက်က လွင့်စဉ်ကျလာတယ်.

မျက်စိအစုံကိုပိတ်လို့
လက်ညှိုးနဲ့ လက်ခလယ်လေးကို ထပ်လို့
ကျွန်တော်ဆုတောင်းလိုက်ခဲ့မိတယ်….

ကြယ်လေးရယ်..
မင်းနောက်ဘ၀မှာ ဒီ့ထက် ပိုတောက်ပပါစေ
ဒါပေမယ့် အကြွေမစောပါစေနဲ့နော်

3 မှတ်ချက်ပေးရန်:

ဆောင်းယွန်းလ said...

မဟောင်းနိုင်တဲ့ ဆုတောင်းတွေ အများကြီးထဲမှာ
ရှက်စရာကောင်းလိုက်တဲ့ အချက်က
ကြွေသွားရှာတဲ့ ကြယ်လေးအတွက်
တစ်ခါမှ ဆုမတောင်းပေးခဲ့ဖူးတာပဲ
အတွေးအခေါ်ကောင်းကောင်းနဲ့ရေးထားတဲ့ကဗျာလေး
ပါလားညီလေးရေ..ကောင်းတယ်

Anonymous said...

အကိုရေ ကျေးဇူး
ဆုတောင်းလိုက်အုးံနော်
မနေ့ ညကတောင်ကြယ်ကြေတာကို
အိမ်မက်မက်တော့ အကိုကို သတိရသေးတယ်
:P

Anonymous said...

kgsoelay .. shout faw nay tal :P

Template Design | Elque 2007