အက်ဆစ်တစ်ခွက်(၁)
လေချွန်သံ ခပ်သဲ့သဲ့သည် ဆောင်းလေးနှင့်အတူ တရုတ်ကတ်မှန်များအ ကားမှ တိုးဝင်လာ၏။ ထိုအခါ နံ၇ံရှိ တိုင်ကပ်နာရီကို အမှတ်မထင် မော့ကြည့်ရင်း မောင်ပြန်လာတာဟု လွှတ်ခနဲ တွေးမိသွား၏။ အို .. ငါ့နှလုံးသားထဲက မြတ်မြတ်နိုးနိုးခေါ်တဲ့ 'မောင်'ဆိုတဲ့ စကားဟာ သူနဲ့လုံးဝ မတန်ပါဘူး။ ဒါကို ခဏခဏ သတိထားစမ်းပါ။ ကြည့်စမ်းပါဦးး၊ ည ၁၂ နာရီခွဲဆိုတာ ယောက်ျားတစ်ယောက် ဖောက်ပြန်ဖို့ အကောင်းဆုံးအချိန် ဖြစ်မှာပေါ့။ ထိုအခိုက်အတန့်မှာပင် ခြံဝန်းတံခါးနှင့် ဆက်သွယ်ထားသော နိုင်လွန်ကြိုး၏ လှုပ်ရှားမှုကြောင့်ဧည့်ခန်းမှာ ချိတ်ဆွဲထားသည့် သံစုံခေါင်းလောင်းကလေးများ အသံထွက်ပေါ်လာသည်။ ငါ .. သူ့ကို မျက်နှာချင်း ဆိုင်ရဦးမှာပါလား။
ဟိုတုန်းက မြတ်မြတ်နိုးနိုး ချစ်ခင်စုံမက်ခဲ့သော မျက်နှာသည် ယခုတော့ ခါးသီး နာကြည်းဖွယ်ရာ ဖြစ်လာခဲ့ပြီ။ သူ့မျက်လုံး သူ့နှုတ်ခမ်းတို့ကို ပူလောင်သော မုန်းတီးမှုနှင့် မြင်နေရဦးမည်။ အမှန်တော့ အခန်းထဲမှာ တံခါးပိတ်ပြီး နေဖို့ကောင်းတာပဲ၊ ခြံတံခါးကို သူမ ဖွင့်မပေးတော့တာ ကြာပြီ။ သူ့တပည့်ကလေး ဖွင့်ပေးနေကျဖြစ်သည်။ သို့စဉ်လျက် သူမသည် ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း၊ စာအုပ်တစ်ခုခုကို ဖတ်ရင်း သူအိမ်ပြန်ချိန် စောင့်ကြည့်နေကျ ဖြစ်သည်။ မုန်းတီးမှုများ ပြည့်လျှံလာသောအခါ မြေနှင့်ဖိနပ် ထိမိသော ခြေသံပင်လျှင် နာကြည်းဖွယ်ရာ ပါပဲလား။ သူသည် ၀တ္ထုစာအုပ်ကို ငုံ့ကြည့်နေသော်လည်း မျက်စိထောင့်မှ ရိပ်ခနဲ သူဝင်လာသည်ကို မြင်ရ၏။ အခါတိုင်း ရက်များကဲ့သို့ပင် သူ တိုက်အိမ် သံတံခါးကို အသံမြည်အောင် ကြမ်းတမ်းစွာ ဆွဲပိတ်၏။ မျှော်လင့်ထားသော အသံဖြစ်ပါလျက် ရုတ်တရက် ကျယ်လောင်သော တံခါးပိတ်သံကြောင့် သူမ ထိတ်ခနဲ ရင်ခုန်သွားသည်။