Sunday, January 27, 2008

အက်ဆစ်တစ်ခွက်(၁၀)

သူမသည် ယောင်ယမ်း၍ မျက်စိအစုံ မှိတ်ပစ်လိုက်သည်။ မတွေးရဘူး၊ မတွေးနဲ့..။ သူမ အတန်တန်ငြင်းပါလျက် သားဖွားမီးယပ် အထူးကုဆရာဝန်မထံ သူ ဇွတ်ခေါ်၍ ကိုယ်ဝန်ကို အပ်နှံသည်။ ဆရာဝန်ချိန်းသည့်ရက်တိုင်း မပျက်မကွက် သူလိုက်ပို့ပေးနေကျ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်က ရက်ချိန်းစေ့သည်ကိုပင် သူမမေ့လျော့နေမည်စိုး၍ သူ လာသတိပေးခဲ့၏။ (ကလေးနှင့် ပတ်သက်လျှင် ခြွင်းချက်အဖြစ် သူ သတ်မှတ်လေသလား မပြောတတ်ပါ။ )"ဒီနေ့ညနေ ဆရာဝန်ဆီ သွားရမယ်၊ မေ့မနေနဲ့" ထိုနေ့နံနက် အိမ်မှ မထွက်မီ အခန်းဝမှာ လာရပ်၍ ခပ်တည်တည်ပြောခဲ့စဉ်က သူမ ထိတ်ခနဲ ရင်ခုန်သွားသေးသည်။ သူမကိုယ်သူမ မကျေနပ်ဘဲ အပြစ်တင်မဆုံးတော့ချေ။ ငါ ဘာလို့ ရင်ခုန်တာလဲ၊ ငါဘာလို့ တုန်လှုပ်တာလဲ၊ အထပ်ထပ် ညည်းညူမိသည်။ ထိုနေ့က အခါတိုင်းကဲ့သို့ ညသန်းခေါင်အထိ မနေဘဲ ညနေဆေးခန်းအမီ သူပြန်လာခဲ့၏။ "သွား .. အ၀တ်လဲ၊ ဆေးခန်းသွားမယ်" သူမ ငြင်းဆိုရန် တွေးလိုက်သော်လည်း ပြဿနာရှုပ်ထွေးကုန်မှာ စိုးရိမ်သည်။ မသွားလျှင် သူအော်ဟစ်ငေါက်ငမ်းမည်။ သို့မဟုတ် ရိုက်နှက်မည်။ သို့မဟုတ် ကြမ်းတမ်းစွာ ဆွဲခေါ်မည်။ သူ့အနေနှင့်တော့ ဆရာဝန်ဆီ သူမကိုရအောင် ခေါ်သွားမှာပဲ ဖြစ်သည်။ ဤအချက်ကို တွေးမိ၍ သူမ အလွယ်တကူ လိုက်သွားခဲ့ရသည်။ အို.. မေ့နေလိုက်တာ၊ မနက်ဖြန် ဆရာဝန်ချိန်းတဲ့ ရက်ပါပဲလား သူ.. သူမကို သတိပေးဦးမည်။ ဆေးခန်းသို့ လိုက်ပို့ဦးမည်။ ဟန်ဆောင်ထားသော ကြင်နာမှုမျိုး မဟုတ်သလို လူသူရှေ့တွင် သူမကို ကြင်နာယုယစွာ တွဲပွေ့ကျီစယ်ပြုံးဦးမည်။ သူ .. ဘုရားရေ .. မိန်းမတစ်ယောက်ဟာ လင်ယောက်ျားကို တစ်သက်လုံး မုန်းတီးနာကျည်းသွားဖို့ သိပ်များခက်ခဲနေလေမလား။ သူမ ဘယ့်နှယ်လုပ်ရပါ့မလဲ။ ရုတ်တရက် စိတ်လိုက်မာန်ပါ မတ်တတ်ရပ်လိုက်ပြီးမှ ယခင်ကလို ပေါ့ပါးသွက်လက်ခြင်းမရှိသော သူမကိုယ်ခန္ဓာကို သတိထားမိသွားသည်။ စာအုပ်ကို ပက်လက်ကုလားထိုင်ပေါ် ပစ်ချရန် စိတ်ကူးပြီးမှ အသာလေး ချထားလိုက်လေသည်။ သူမသည် လှေကားကို တစ်ထပ်တက်ပြီး လှေကားခြေရင်း အုတ်နံရံပေါ်က မီးခလုတ်ကို ပိတ်ပစ်လိုက်သည်။ လှေကားကို အသံမမြည်အောင် ဖြည်းညင်းစွာ တက်ရင်း မူးနောက်နောက် ခံစားရသည်။ လှေကားပေါ်က လိမ့်ကျလျှင် ကိုယ်ဝန်ပျက်ကျလေမလား။ အခန်းထဲ ၀င်လိုက်သောအခါ စားပွဲတင် မီးအုပ်ဆောင်းအောက်ခြေတွင် ဆေးပုလင်း သုံးလေးခုကို အသစ်တွေ့လိုက်ရသည်။ သူမ စားပွဲအနီးသို့ တိုးကပ်သွား၏။ ကိုယ်ဝန်ဆောင် အားတိုးဆေး၊
ဖောလစ်အက်စစ်၊ ဖြူရာမင်ဘီစီ။ သူမ တုန်လှုပ်သွား၏။ ဒါ .. ဒါတွေဟာ သူ့ကလေးအတွက်ပေါ့။ ရုတ်တရက် စိတ်မထိန်းနိုင်တော့ဘဲ ဆေးပုလင်းများကို လက်နှစ်ဘက်ဖြင့် စုပြုံယူလျက် အခန်းနံရံသို့ အရှိန်ပြင်းစွာ ပစ်ပေါက်ခွဲပစ်လိုက်တော့သည်။ အလွန်အမင်း တိတ်ဆိတ်နေသော ညသည် ပုလင်းကွဲသံ၊ ကြမ်းပြင်ပေါ်သို့ ဖန်ကွဲစများ လွင့်စင်သံဖြင့် စူးရှကျယ်လောင်သွား၏။

အက်ဆစ်တစ်ခွက်(၉)

သည်လိုနှင့်ပင် သူမ ကလေးမွေးဖွားမည့် ရက် ရောက်လာတော့မလား။ အရာရာတွင် ပျော့ညံ့တွေဝေတတ်သော သူမသည် ကလေးမွေးပြီးလျှင် သူမတွေ့နိုင်မည့် တစ်နေရာရာ ပို့ပစ်လိုက်လျှင်လည်း ဖြစ်တာပဲဟု စဉ်းစားသေးသည်။ ဟင့်အင်း.. မဖြစ်သေးပါဘူး။ သူ့ကလေးကို သူတွေ့အောင် ရှာမှာပဲ။ မရရအောင် လုယူမှာပဲ။ သူမကို မေးမည်။ ရိုက်ပုတ် နှိပ်စက်မည်ကို ကြိုတင်သိနေသည်။ သူ ဒေါသတကြီး တက်ခေါက် ဆူပူလျှင်သော်လည်းကောင်း၊ ပခုံးနှစ်ဘက်ကို ဆုပ်ကိုင် ဆောင့်ယမ်းလျှင်သော်လည်းကောင်း နေစရာမရှိအာင် တုန်လှုပ်ကြောက်ရွံ့တတ်သော သူမသည် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မည်ကို စိတ်ကူးဖြင့်ပင် မခံစားဝံ့ချေ။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ အဲဒီလိုမဖြစ်ပါဘူး။ ကဲ.. ဒါဖြင့်ရင် .. တွေးလိုက်ရုံမျှဖြင့် ရင်မှာ စူးနစ်စွာ နာကျင်သွားသည်။ သားရယ်..။ လွှတ်ခနဲ ၀င်ရောက်လာသော မြတ်နိုးမှုတစ်ခုကို သူမ တုန်လှုပ်စွာ ငြင်းပယ်လိုက်ပါ၏။ ငါ.. ဒီလောက်ထိ မရဲဝံ့ပါဘူး။ သို့မဟုတ် မရက်စက်ဝံ့ပါဘူး။ ကိုယ်ဝန်ဆောင် အင်္ကျီအောက်မှ အနည်းငယ် လှုပ်ရှားလာသော ကိုယ်ဝန်ကို စိတ်မှတ်မထင် ဖြည်းညင်းစွာ အုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။ တကယ်ကို .. သူမျှော်မှန်းထားသည့်အတိုင်း သားကလေးဖြစ်မှာပဲ။ သူ .. ဘယ်လောက် ပူပင်သောက ရောက်လေမလဲလေ။ သူမကိုယ်ဝန်စတည်ချိန်မှစ၍ သူမတို့အခန်းနံရံမှာ ကလေးပုံ ပိုစတာလှလှလေးများကို ချိတ်ဖို့ သူကြိုးစားခဲ့သည်။ ကလေးအနှီးအတွက် ပိတ်စများကို ကြိုတင် မ၀ယ်ကောင်းပါဘူးဟု သူမအတန်တန် သတိပေးလျက်နှင့် သူဝယ်သည်။ ကလေးအင်္ကျီပေါက်စကလေးများကို သူ ၀ယ် ၀ယ်လာသည်။ "မိုး .. ကိုယ်တို့ကောင်ကြီးအတွက် ဒီအင်္ကျီကလေးတွေက သေးများနေမလားဟင်" "အိုး .." နှစ်နှစ်ခြိုက်ခြိုက် ရယ်မော၍ သဘောကျခဲ့ဖူးပါသည်။ ပြန်စဉ်းစားမိလျှင် မုန်းတီးနာကြည်းမှု မဆိုသလောက် လျော့ပါးသွားသလို ခံစားရသည်။ ဤသည်မှာ သူမအတွက် ကောင်းသောလက္ခဏာမဟုတ်။ ဒါ သားလေးရဲ့ မျက်နှာကြောင့်ပါလေ..။ သားလေးကို မွေးဖွားပြီးလျှင်..။ သူမ ၇င်တွင်း၌ အေးစိမ့်သော နူးညံ့စိတ်မျှင်မျှင်ကလေး ရုတ်တရက် ထွင်းဖောက် ၀င်ရောက်လာပုံမှာ အင်အားပြင်းလှသည်။ ဖြစ်ခဲ့ပြီးသမျှ အစစအရာရာအတွက် သူမအားလုံး ခွင့်လွှတ်ကျေအေးပစ်လောက်အောင် သူမ၏ သားငယ်ကလေးက ခွန်အားကြီးမားလိမ့်မည်မှာ သံသယ၀င်ရန်မလို။
ကျေအေးရန်.. ဟင့်အင်း။ သူမ၏ ချစ်စဖွယ်သော သားကလေး၊ နူးညံ့နီရဲသော အသားအရည်ကလေးမှာ ပန်းပွင့်နုနုဖတ်ဖတ်ကလေးထက်ပင် နူးညံ့နေလိမ့်မည်။ သူမ၏ အသွေး၊ အသက်ဖြင့် ဖြစ်ပေါ်လာသော အပြစ်ကင်းစင်သည့် ကလေးပေါက်စနကလေး..။

အက်ဆစ်တစ်ခွက်(၈)

သို့သော် သူမ ဘာတတ်နိုင်မည်နည်း။ ယခုအခါ သူသည် တစ်လတစ်ခါ နှစ်လတစ်ခါ ခရီးထွက်၍ (ခရီးထွက်ဟန်ဆောင်၍) သူ၏ မယားကြီးလည်းမဟုတ်၊ မယားငယ်လည်းမဟုတ်သော ချစ်သူမိန်းမထံ သွား၍ တွေ့နေခဲ့ပြီ။ ထို့နောက် သူမကွယ်ရာတွင် သူတို့နှစ်ဦး အတူနေထိုင်ကြမည်။ သူမ၏ ကိုယ်ဝန်အကြောင်း ဆွေးနွေးကြမည်။ သူမ မွေးဖွားလာမည့် ကလေးသည် ယောက်ျားလေးလား၊ မိန်းမကလေးလား အလောင်းအစားလုပ်ကြမည်။ ဖျော်ရည်ဖန်ခွက်များအကြား၊ စီးကရက်ငွေ့များအကြား၊ ထမင်းပန်းကန်များအကြား သူတို့ဆွေးနွေးသည့် ခေါင်းစU်မှာ 'သူမ' ဖြစ်ခဲ့မည်။ သစ်သီးများ၊ အနမ်းများ၊ ရယ်မောသံများနှင့် တွဲလျက် သူမအကြောင်း..၊ ကလေးအကြောင်း..။ သူတို့ မကြာခဏ ပြောကြမည်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်းပေါ့.. "ကိုယ့်မိန်းမက ကိုယ့်ကို သိပ်ချစ်တာကွ၊ အရမ်းအလိုလိုက်တာ၊ သနားစရာကောင်းအောင် အလိုလိုက်တာ" "အံမာ.. ကိုကိုနော်၊ သနားရုံပဲသနား၊ ဒါထက်မပိုရဘူး ဒါပဲ" "အိုး.. ဟောဒီ ကမ္ဘာလောကမှာ ထားကလွဲပြီး ဘယ်မိန်းကလေးကိုမှ.." ဘုရား.. ဘုရား၊ ငါ ဘာလုပ်ရပါ့မလဲ။ သူမသည် ရှက်စိတ်၊ နာကြည်းစိတ်တို့ဖြင့် ကိုယ့်ကိုယ်ကို သတ်သေပစ်ရန်ပင် စိတ်ကူးလိုက်မိသေး။ မဖြစ်ပါဘူး။ ကလေးဟာ တော်တော်ကြီးနေပြီ။ သူ အပြင်ရောက်လာမယ်ဆိုရင် အသက်ရှင်နေနိုင်ပြီ။ မဖြစ်ဘူး။ အရေးအကြီးဆုံး အကြောင်းမှာ သူမ သေသွားဖို့ မဟုတ်ပါ။ သို့သော် သူမ၏ သားကလေး။ အို.. မတွေးနဲ့။ လူတစ်ယောက်မှာ သနားကရုဏာစိတ် နည်းနည်းလေး ရှိနေရင် ကိုယ်လုပ်ရမယ့် အလုပ်ကို ဘယ်မှာ ပြီးဆုံးအောင် လုပ်နိုင်မှာလဲ။ သူမသည် နေ့စဉ် နံနက်မိုးလင်းမှ ညအိပ်ရာဝင်အထိ အသိစိတ်ဓာတ်တစ်ခုတည်းဖြင့် အသက်ရှင် နေထိုင်ခဲ့သည်။ ထို အသိစိတ်ဓာတ်မှာ သူတို့ကို မှတ်လောက်သားလောက်အောင် မည်သို့ လက်စားချေမလဲဆိုသည့် အသိပင်ဖြစ်သည်။ သူ၏ ဇနီးဖြစ်နေသမျှ ကာလပတ်လုံးတော့ သူတို့ သူမထံမှ အင်မတန်လိုချင်သော ကလေးကို မရစေရ။ သူမ၏ ခိုင်မြဲသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ သူမ၏ စနက်တံများကို သူ့နှလုံးသားဆီမှာ ဖောက်ခွဲဖို့ ချိန်ကိုက်ချည်နှောင်ထားရမည်။ လှေကားမှ ခြေသံ အပြေးရောက်လာသောအခါ ပျံ့လွင့်နေခဲ့သော စိတ်အာရုံကို ကမန်းကတန်း စုယူပြီး ယခုအချိန်အထိ မဖတ်ဖြစ်သေးသော စာမျက်နှာကို အသံမြည်အောင် လှန်ပစ်လိုက်ရလေသည်။ သူမ တွေဝေ ငေးမောနေကြောင်း သူ မမြင်စေရပါ။ သူမသည် သူ့ကို မုန်းတီးစွာ ဖယ်ရှောင်ခြင်းမှတစ်ပါး အခြားသော ကိစ္စများတွင် သာမန်သာဖြစ်သည်ဟု မြင်စေချင်သည်။ ခြေညှပ်ဖိနပ် စီးလိုက်သံ၊ သူမနောက်နားဆီမှ ဖြတ်လျှောက်သွားသံ။ စာကြည့်ခန်းတံခါးကို ဆွဲဖွင့်ပြီး အသံမြည်အောင် ပြန်ပိတ်သွား၏။ သူ အိပ်ရာဝင်ဖို့ ပြင်တော့မည်။ စာကြည့်ခန်း သမံတလင်း တံမြက်စည်းလှည်းသံ ကြားရသည်။ ထို့နောက် တံမြက်စည်းကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်သံ၊
နှစ်ယောက်ထိုင် ဆိုဖာကို အ၀တ်ဖြင့် ကြမ်းတမ်းစွာ (သို့မဟုတ်) ဒေါသတကြီး ဖုန်ခါ လှည်းကျင်းသံ၊ ခေါင်းအုံးပစ်ချသံ၊ ထို့နောက် လေးပင် ကြမ်းရှစွာ ပစ်လှဲ အိပ်ပစ်လိုက်သည့်အသံ၊ သူ့ကို သူမ ကိုယ်ထိလက်ရောက် ရိုက်ပစ်လိုက်သည့်နေ့မှ စ၍ သူ့ခေါင်းအုံးနှင့် စောင်ကို အောက်ထပ် စာကြည့်ခန်းထဲ ရွှေ့သွားခဲ့သည်မှာ ယခုဆိုလျှင် ၇က်ပေါင်း ၂၀ ကျော်ပြီ။

Template Design | Elque 2007