Friday, February 1, 2008

အက်ဆစ်တစ်ခွက်(၁၄)

မထင်မှတ်သော မေးခွန်းကြောင့် သူမ တုန်လှုပ်သွား၏။ သူက သူမကို သေသေချာချာ စိုက်ကြည့်ပြီးမှ မျက်စိလွှဲလျက် 'ကြည့်စရာတော့ မရှိဘူး'ဟု သူ့ဘာသာသူ ရေရွတ်နေသလို သတိလက်လွတ် ပြော၏။ ဟင့်အင်း .. မပြောပါနဲ့။ "မင်း သိလားဟင်၊ နာကျင်မှုကို သူ.. သိတယ်" "အို.." နာကျင်မှု၊ ကျဉ်ခနဲ စူးရှတဲ့ အောင့်သွားသော ရင်ညွန့်ဆီက ဝေဒနာသည် တစ်သက်လုံး မပြေပျောက်နိုင်တော့သလိုပင် ဖြစ်၏။ သူမ မေ့ထားချင်သော အကြောင်းအရာကို သူအစဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူမ ငိုချင်ပြင်းပြစွာ မျက်စအစုံကို မှိတ်ပစ်လိုက်မိ၏။ "သားရယ်" သူမသည် ထောင့်စုံအောင် ကြည့်တတ် မြင်တတ်သူ မဟုတ်ပါ။ 'လုံးဝ အဓိပ္ပါယ်မရှိတာ' သူသည် အမှတ်တမဲ့ ပွင့်အန်ထွက်လာသော ယူကျုံးမရစိတ်ဖြင့် တောက်တစ်ချက် ခေါက်လိုက်လေသည်။ "ဒီအတွက် ကျွန်မတို့ နှစ်ဦးသဘောတူ ပြတ်စဲလိုက်ကြမလား" စကားသံသည် သိပ်အားစိုက်ဖို့မလိုဘဲ ပေါ့ပေါ့ပါးပါး ထွက်သွားသည်။ သူနှင့် ကွာရှင်းပြီးလျှင် သူမ နောက်အိမ်ထောင် ပြုရဦးမည်။ အနည်းဆုံး သားကလေးတစ်ယောက်လောက် မွေးဖွားရဦးမည်။ "ပြတ်စဲဖို့မလိုပါဘူး၊ မင်းကို ငါလိုချင်လို့ ယူထားတာ၊ မင်းဟာသေတဲ့အထိ ငါ့မိန်းမပဲ ဖြစ်နေရမယ် နားလည်ရဲ့လား" သူ့အသံမှာ ကြမ်းရှနေ၏။ သူမတို့နှစ်ယောက်သည် အချစ်ဟူသော အင်အားတစ်ရပ်ကို မေ့လျော့ထားကြသူများဖြစ်သည်။ သူက သူမထံမှ သားသမီးများစွာ ရအောင်ယူဖို့ ဆုံးဖြတ်လိုက်ဟန်ရှိသည်။ ရှင် ကျွန်မဆီက ဘာကလေးမှ မရစေရဘူး။ သူမ ဘာစကားမှ ပြန်မပြောပါ။ ဤလျှို့ဝှက်ချက်ကို ဘယ်တော့မှ မပေါက်ကြားစေရ။ "သားရဲ့ ကိုယ်ဝန်ကို ထိန်းသိမ်းကာကွယ် မပေးနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ် မောင်" ယုံကြည်မှုတစ်ခအတွက် မောင် ဟု ခေါ်လိုက်၇သော သူမ၏ နှုတ်ခမ်းဖျားများ ခါးသက်လျက်ရှိ၏။ နှလုံးနာသလို ဖြစ်သွားသည်။ ဤနာမည်သည် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်အတိ ဖြစ်၏။
"ဒါထက် ၀မ်းနည်းစရာတစ်ခု ကျန်သေးတယ်" သူမမျက်လုံး ဖွင့်ကြည့်လိုက်သောအခါ သူမကို စူးစူးရှရှ ကြည့်နေသော၊ အေးစက်၍ အငွေ့ပျံနေသော မျက်လုံးတို့ကို ရင်ဆိုင်လိုက်ရသည်။ "မင်းရဲ့ သားအိမ် ထုတ်ပစ်လိုက်ရတယ် တဲ့" "ဘာ" ခက်ထန်တုန်လှုပ်သော သူမအသံတွင် ခါးသီးမှုအပြည့်အ၀ ပါဝင်သွား၏။ မတ်တပ်ရပ်နေသော သူသည် သူမထံသို့ ကိုင်းညွတ်လျက် ရင်တထိတ်ထိတ် ခုန်နေသော သူမကို တိုးတိတ်စွာ စကားပြောလေသည်။ တ၀ုန်းဝုန်း ဆူညံနေသော လေတိုးသံနှင့် နားအစုံမှာ အာရုံပြန့်ကျဲလျက်ရှိသည်။ "သားအိမ်.. ချုပ်လို့မရအောင် .. သွေးလွန် .. ထိခိုက်မှု.. သွေးလွန် .. ၀မ်းနည်းစရာကောင်းတာက .. အသက်ကို ရအောင် လုလိုက်ရတဲ့အတွက် .." "ဘုရား.. ဘုရား" "စိတ်မဆင်းရဲပါနဲ့၊ ကလေးမရနိုင်တော့တာကလွဲရင် အားလုံး ပုံမှန်" "မဟုတ်ဘူး" အသံကုန်ဟစ်၍ အော်ပစ်လိုက်သော်လည်း သူမ မမှတ်မိသော အက်ကွဲကွဲ သူမအသံသည် အဝေးကြီးမှ လာသလို သဲ့သဲ့လေးသာ ဖြစ်သည်။ သူမ မယုံပါ။

*******************************************************************

0 မှတ်ချက်ပေးရန်:

Template Design | Elque 2007