Tuesday, February 12, 2008

အမေအိုနှင့်သားများ

(၁)

သောကမီးလျှံ….
လွင့်ပျံမိုးမြေ၊ ဆူပွက်ဝေမျှ
အမေမချိ၊ နွမ်းပူဖိရှင့်
ပရိဒေ၀၊ တောက်လှောင်လှသည်
ခြေချရာပင်၊ မြေ၀ယ်ထင်ဟု
စိတ်တွင်မသိ၊ မျက်ရည်ပြည့်နှင့်
သတိမနိုင်၊ လွမ်းမီးအိုင်သည်
ယိုင်လဲမတတ်၊ ရပ်ရရှာတကား။

(၂)

အုန်းအုန်းကျွက်ကျွက်၊ တစ်ခဲနက်ပင်
ယေက်ယက်ခတ်ခတ်၊ မင်းပရိတ်သတ်တို့
မရပ်လက်ခုတ်၊ တီးခတ်လှုပ်၏
အုတ်အုတ်သောသော၊ ချီးမွမ်းပြောရှင့်
တောသူအချို့၊ မြို့သူအစုံ
အပုံအယင်၊ ကြည့်ကမြင်လိမ့်
ခေါင်းတွင်ခေါင်းပေါင်း၊ ရှေးမူဟောင်းတိ
ကြော့တောင်းသပ်ရပ်၊ ဘီးဆံပတ်နှင့်
ရောင်ဟပ်ဝတ်စုံ၊ ဆေးမျိုးပံသို့
ကြုံခဲ့လေရာ၊ ဤအခါသည်
မင်္ဂလာဆောင်၊ ထောင့်တစ်ချောင်လော
လူ့ဘောင်ခမ်းဝါ၊ သာသနာသို့
ပို့လာအလှူ၊ တောင်းဆုယူလော့
လူသူခဲခဲ ၊ရွေးကောက်ပွဲတွက်
သဲမဲရုံးစု ၊ ဆန္ဒပြုလော
အနုစာပေ၊ အထွေထွေလျှင်
ရှာဖွေဆွေးနွေး၊အစည်းဝေးလော
ဖွေးဖွေးလှုပ်ရှား၊ ပဲ့တင်များသည်
စကားရည်ပြိုင်၊ ဥာဏ်ချင်းဆိုင်၍
အနိုင်လုယက်၊ မွေ့လျော်ချက်လော
တွေးတောမဆုံးနိုင်ပေ အိုအဆွေ။

(၃)

ဤနေရာကား….
တို့ထင်ထားရာ၊မဟုတ်ပါတည့်
ပြည်ရွာအတွက်၊အားမာန်တက်၍
အသက်ကိုစွန့်၊နောက်မတွန့်ဘဲ
မလွန့်မလူး၊တပ်တော်ဦးဝယ်
ကျူးကျော်ထိပါး၊ရန်သူများနှင့်
မီးပွားရန်ကြွေး၊တိုင်းပြည်ဘေးကို
မနှေးတိုက်ခိုက်၊သေနပ်ပိုက်လျက်
လိုက်လံရှင်းပျော်၊တပ်မတော်၏
တပ်တော်သားများ၊သတ္တိအားကို
ခွဲခွာချီးမြှင့်၊ဘွဲ့နှင်းဆင့်သည်
နိမ်မြင့်မဟူ၊အောင်ပွဲသူကို
ပူဇော်စုံလင်၊ဘွဲ့ဆင်ယင်ရာ
သဘင်မင်းခမ်းမင်းနား ဖြစ်သတည်း။
(၄)


ဤထောင်ချောက်ဝယ်….
'အောင်ဆန်းသူရိယ'၊ထိုမှစ၍
'သီလဗလ'၊'သူရ'သို့တိုင်
အခိုင်အမာ၊ထိုက်သင့်ရာကို
မြှင့်ကာဝေဆဲ၊လူမဆဲတည့်
လက်ကွဲခြေပြတ်၊သက်ရှိလတ်လော
တပ်မတော်သား၊လူ့စွန့်စားတို့
ကြွားကြွားဝင့်ဝင့်၊ယူငင်နှင့်ပြီ
မျှော်လင့်ငံ့ဆိုင်း၊ခါကိုင်းကိုင်းဖြင့်
အိုင်းအိုင်းသံဝါ၊တုန်ယင်ရှာသော
ဇရာဖိဖြို၊အမေအိုလျှင်
ထိုစင်မြင့်မှ….
"ကျဆုံးရဲခေါင်၊သတ္တိပြောင်၍
အောင်ဆန်းသူရိယ၊ရ၍ကိုယ်စား
ဖွားသည့်မိခင်"၊ဖိတ်ခေါ်ငင်သော်
မမြင်မကမ်း၊ဆုယူလှမ်းရင်း
ပင်ပန်းလှိုက်ဖို၊ငိုပြီးငိုသည်
မိုမို့ပါးထက်ရွှဲသကား။

(၅)
မျက်ရည်များလျှင်
ပါးပျင်ထက်လိမ့်၊တစိမ့်စိမ့်တည့်
သိမ့်သိမ့်ထွန်းအိုင်၊တဖြိုင်ဖြိုင်ပင်
လှိုင်လှိုင်များပြား၊ မရပ်နားတော့
ပါးရည်တွန့်လိပ်၊ ကြောတွဲအိပ်နှင့်
တံဆိပ်ပိုက်ကာ၊ ပူမီးဖြာရှင့်
နှုတ်မှာရွရွ ၊ မြည်တမ်းတသည်
`` ငါ့သားကိုမှ၊ သေမင်းကလျှင်
တိကျရွေးချယ်၊ ရနိုင်လွယ်၍
အမယ်အိုကြီး၊ တစ်ယောက်တည်းကို
ထားပြီးယူဆောင်လေသလော´´
အမောဖြေရင်း၊ ရှိုက်သံညှင်းနှင့်
ငိုချင်းချခဲ့ပြန်တကား။

(၆)

ထိုအခါဝယ်……..
နုနယ်ပျိုမျစ်၊ပြည်သားစစ်တို့
ညိုညစ်မဆို၊ အမေအိုတို့
ရှေ့ကိုတိုးကာ၊ ပြောကြားရှာ၏
`မာတာ၏သား၊ ဇာနည်ဘွားလျှင်
များပြားရန်အောင်၊ အလောင်းတောင်ဝယ်
ပြည်ထောင်စုအလံ ၊ စိုက်ထူပျံရှင့်
နှံခဲ့အသက်၊ သွေးပွက်ပွက်လည်း
လှေခွက်ချည်းကျန်၊ အလံမလှဲ
ရဲစွမ်းသတ္တိ၊ ထွန်းပြောင်ဘိကို
အမိဂုဏ်ယူ၊ သတ္တိမူလော့
သေသူလည်းသား၊ သူလည်းသားပင်
သား၏ကိုယ်စား၊ မွေးပါညား´ ဟု
အာပါးတရ၊ တရားချသည်
ပြည့်ဝကြင်နာ၊ မြှင်းမြှင်းတကား။

(၇)

အမေအိုလျှင်……..
ထိုသို့သတင်း၊ ကြားရခြင်းဖြင့်
ရင်တွင်းမှမီး၊ ပြေလျော့နည်းခဲ့
ရှိုက်ညှင်းတိုးတိတ်၊ ငိုသံဆိတ်ခဲ့
မထိတ်ပြာတော့၊ မျက်နှာမော့၏
``သားးကြော့မသေ၊ ရှိပါချေသေး
စစ်မြေမှဖွား၊ လုလင်များသည်
ငါသားချည်းပင်၊ ချစ်တုံ့တင်အံ့´´
ရင်ခွင်မှာပိုက်၊ ဘွဲ့မကိဋဖြင့်
တုန်ခိုက်လမ်းလျှောက်၊ ချစ်မာန်မောက်သော်
ထက်အောက်မိုးမြေ၊ ချီးမွမ်းပေတည်း
အမေအိုနှင့်သူ့သားများ။ ။

(တိုက်ပွဲအသီးသီးတွင်ကျဆုံးသွားရှာခဲ့ပြီးဖြစ်သောတပ်မတော်ရဲဘော်ရဲဘက်များ၏ မိခင်များကိုဤ အလင်္ကာဖြင့် ပူဇော်ကန်တော့ ဦးခိုက်အပ်ပါသည်)
ထီလာစစ်သူ

1 မှတ်ချက်ပေးရန်:

Anonymous said...

အကိုရေ တော်တော်ကောင်းတဲ့ ကဗှလေးပါလားဗျ
ကိုကျန်းမာပါစေဗျ

Template Design | Elque 2007